အချိန်နေရာမရွေး ၀ိပဿနာတရားအားထုတ်နည်း — ငြိမ်ဖို့ ရှုမှာလား? ဉာဏ်ဖြစ်ဖို့ ကြည့်မှာလား?
ကိုယ့်အာရုံနဲ့ကိုယ် နေပါနော်။ စိတ်ကလေးကို အသာကလေး အေးအေးဆေးဆေးထား။ စိုက်မရှုနဲ့ ထိန်းမရှုနဲ့ လုပ်မရှုနဲ့ ချုပ်မရှုနဲ့။
တရားအားထုတ်တဲ့နေရာမှာ အားတွေ အများကြီးမလိုဘူး။တရားအားတွေ တရားသဖြင့်ပဲ ကောင်းပါတယ်။
မကြည့်ပဲနဲ့လည်း မြင်ပါတယ်။ ကြည့်လို့မြင်တာ မဟုတ်ပါဘူး။ မြင်တဲ့ဟာကိုပဲ ကြည့်လို့ရတာ။ နားမထောင်ပါနဲ့။ နားမထောင်ပဲနဲ့လည်း ကြားနေပါတယ်။ ကြားတဲ့အာရုံ သိပေးရုံပဲ။ ကြားတဲ့အဓိပ္ပါယ်လေးကို သိတယ်။ စဉ်းစားတာလေးကို သိတယ်။ စိတ်တွေ အလုပ်လုပ်တာကို သိရတယ်။ စိတ်က အလုပ်လုပ်စရာရှိတာလုပ်ပါစေ။
ကိုယ်က ဓမ္မသဘာဝတွေ အလုပ်လုပ်နေတာကို သွားမတားပါနဲ့။ ဖြစ်နေတဲ့ ဓမ္မသဘာဝတွေ အားလုံးဟာ သဘောတရားတွေပါပဲ။ ကောင်းကောင်းဆိုးဆိုး ဓမ္မသဘာဝပဲ။ သဘာဝတရားတွေကို သဘာဝတရားတွေပဲလို့ နှလုံးသွင်းထားပါ။
တရားအားထုတ်တာလည်း နားလည်ချင်လို့ အားထုတ်တာ ဖြစ်ပါတယ်။
ငြိမ်ဖို့ အားထုတ်တာလား။ သဘောပေါက်ဖို့ အားထုတ်တာလား။
သမထနဲ့ဝိပဿနာ ကွာတာက နှစ်မျိုးပါ။ အယူအဆ မတူဘူး။ ပန်းတိုင်မတူတဲ့အတွက် အယူအဆမတူပါဘူး။ သမထက အာရုံကိုဂရုစိုက်တယ်။ ဝိပဿနာက စိတ်ကိုဂရုစိုက်တာ။ သမထပန်းတိုင်က ငြိမ်ဖို့။ ဝိပဿနာပန်းတိုင်က ဉာဏ်ဖြစ်ဖို့။ ကိုယ်က ဘယ်သွားချင်တာလဲ။စိတ်မှာ လောဘ ဒေါသ မောဟတွေပါနေရင် ဉာဏ်ဖြစ်ရိုး ထုံးစံမရှိပါဘူး။သမထက အာရုံတစ်ခုတည်းကို စူးစိုက်ပါတယ်။ ဝိပဿနာက အာရုံအများနဲ့ ဆက်ဆံတယ်။ သိပြီးတော့ ဆက်ဆံတယ်။ သမထက အားစိုက်ရပါတယ်။ ဖြစ်အောင် ဖန်တီးနေရပါတယ်။ အတွေးငြိမ်အောင် စုနေရပါတယ်။
ဝိပဿနာက အဲဒီလို မဟုတ်တော့ဘူး။ ငြိမ်အောင်လည်း မလုပ်ဘူး။ မငြိမ်တာကို မငြိမ်မှန်းသိတယ်။ ဖွာကြဲနေရင် ဖွာကြဲနေမှန်းသိတယ်။ အသိအမှတ် ပြုရုံပဲ။ ဘာအားမှ စိုက်စရာမလိုဘူး။ ဖြစ်ဖြစ်နေတာကို ကြာကြာသိနေရင် အသိဉာဏ်ရှိတဲ့သူက သဘောပေါက်ပါတယ်။အာရုံတစ်ခုနဲ့ ကြာကြာနေရင် ဒီအာရုံအကြောင်းကို နားလည်ရမှာပေါ့။ နားလည်သင့်တာပေါ့။ အာရုံရဲ့ သဘာဝက ဘယ်လိုလဲ။ အာရုံကို သိတာလား။ အာရုံရဲ့ သဘာဝလက္ခဏာကို နားလည်တာလား။
သိတာနှစ်မျိုး ရှိပါတယ်။ အာရုံကို သိတဲ့အသိရယ်၊ အသိဉာဏ်နဲ့ သိတဲ့အသိရယ်။ သဘာဝလက္ခဏာကို သဘောပေါက်လာတာ ဉာဏ်ပါ။ အာရုံကိုသိတာက သညာပါ၊ မှတ်သားမှုပါ။သညာကိုပဲ အားကောင်းအောင် လုပ်နေတော့ ဉာဏ်မလာတော့ဘူး။ အသိကို ဦးစားပေးရပါမယ်။ ဉာဏ်ဖြစ်ချင်ရင် စောင့်ကြည့်ရပါတယ်။
သမထက ဖြစ်အောင်ဖန်တီးတဲ့ဖြစ်စဉ်ပါ။ ဝိပဿနာက လေ့လာတဲ့ဖြစ်စဉ်ပါ။
သိချင်လို့ ထိုင်ပြီး ကြည့်နေတာပါပဲ။ အရေးကြီးတာက အယူအဆမှန်ဖို့၊ သဘောထားမှန်ဖို့။
အယူအဆမှန်တယ်ဆိုတာ ဘာလဲ။ ဖြစ်နေတာတွေ အားလုံးကို သဘာဝကို သဘာဝအတိုင်း စဉ်းစားတာ။ ကောင်းတာလည်း မဟုတ်ဘူး။ ဆိုးတာလည်း မဟုတ်ဘူး။ အာရုံဟာ အာရုံပါပဲ။ ခံစားမှုက ခံစားမှုပါပဲ။ တွေးတာက တွေးတာပါပဲ။ ဒါတွေ အားလုံးဟာ ဓမ္မသဘာဝတွေပါ။ အနှောင့်အယှက်တွေ တစ်ခုမှ မရှိပါဘူး။ ကောင်းတာလည်း မရှိဘူး၊ ဆိုးတာလည်း မရှိဘူး။ သဘောတရားတွေချည်းပဲ။ သဘောတရားကို သဘောတရားလို့ နှလုံးသွင်းထားရင် လူတွေ ပုဂ္ဂိုလ်တွေ သတ္တဝါတွေ၊ သူ့ဟာ ငါ့ဟာဆိုတာ မရှိတော့ပါဘူး။ အသံဟာ အသံပါပဲ။ အသံဟာ အနှောင့်အယှက် မဟုတ်ပါဘူး။ အသံဟာ သဘာဝတရား တစ်ခုပါ။ အသံကျယ်လာရင်ကော ကောင်းလား။ ကောင်းတယ် ယူမလား၊ ဆိုးတယ် ယူမလား။ အသံတိတ်နေရင်ကော။ ကောင်းတယ်ယူမလား၊ ဆိုးတယ်ယူမလား။ သဘာဝအရှိကို အရှိအတိုင်း စဉ်းစားတတ်ဖို့ လိုပါတယ်။ အာရုံဆိုတာ သိရတဲ့သဘောသက်သက်ပါပဲ။ အာရုံဟာ ကုသိုလ်လည်း မဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူး။ အသိခံရတဲ့ သဘောတရားလေး သက်သက်ပဲ။ အသံကျယ်တာကို ဘယ်လို စဉ်းစားမလဲ။ ကောင်းတယ် ယူမှာလား၊ ဆိုးတယ် ယူမှာလား။ ဆိုးတယ် ယူလိုက်ရင် နှလုံးသွင်းမှားတဲ့အတွက် ဒေါသဖြစ်ပါတယ်။ အသံတိတ်ဆိတ်တာကျတော့ ကောင်းတယ်ယူလည်း မှားတာပါပဲ။အဲဒီတော့ ဘယ်လို စဉ်းစားရမှာလဲ။ အသံကျယ်တာက အသံကျယ်တာပဲပေါ့။ ဒါလည်း အမှန်တရားပဲ၊ အရှိအတိုင်းပဲ။ တိတ်ဆိတ်နေတာလည်း တိတ်ဆိတ်နေတာပဲပေါ့။ ဒါကို ဘာဖြစ်လို့ ကောင်းတယ် ယူတာလဲ။ လောဘရှိနေရင် ကြိုက်တယ်။ လောဘနဲ့ကြည့်ရင် ကောင်းတယ် မြင်တာပဲ။ ဒေါသနဲ့ကြည့်ရင် မကောင်းဘူး မြင်တာပဲ။ ဉာဏ်နဲ့ ကြည့်တဲ့အခါကျတော့၊ အယူမှန်နဲ့ ကြည့်တဲ့အခါကျတော့ … အရှိ အရှိ အတိုင်းပါပဲ။ အာရုံဟာ အာရုံဟာပါပဲ။ အသံကျယ်တာလည်း အသိခံရတဲ့ အာရုံပဲ။ အသံ တိတ်ဆိတ်တာလည်း အသိခံရတဲ့ အာရုံပဲ။ ကောင်းတာလည်း မဟုတ်၊ ဆိုးတာလည်း မဟုတ်ဘူး။ အဲဒီတော့ အယူမှန်တဲ့အတွက် စိတ်ဘက်မှာ လောဘ မဖြစ်ဘူး၊ ဒေါသ မဖြစ်ဘူး၊ အေးချမ်းနေပါတယ်။
အဲဒီမှာ ငြိမ်တာ အေးချမ်းတာ နှစ်မျိုးရှိပါတယ်။ အာရုံတစ်ခုတည်း စူးစိုက်ထားလို့ ဘာမှမစဉ်းစားနိူင်တော့ဘူးဆိုရင်လည်း ငြိမ်သွားတာပါပဲ။ သူ ဘာဖြစ်လို့ ငြိမ်သွားတာလဲဆိုတော့ မကောင်းတာတွေ မစဉ်းစားနိူင်လို့ ငြိမ်သွားတာပါ။ဒါပေမယ့်စူးစိုက်အားကများနေတဲ့အတွက် ကောင်းတာတွေလည်း မစဉ်းစားနိူင်တော့ပါဘူး။ အဲဒီတော့ အသိဉာဏ်စဉ်းစားဉာဏ်တွေ သုံးလို့ မရတော့ပါဘူး။
တရားအားထုတ်တဲ့နေရာမှာ ဉာဏ်ရှိကိုရှိရပါလိမ့်မယ်။ ဘာဉာဏ်တွေ ရှိရမှာလဲ။ ဗဟုသုတဉာဏ် ကြားဖူးနားဝ။ မှန်ကန်တဲ့ဗဟုသုတတွေကို ကြားဖူးထားတဲ့ဉာဏ်ရှိရမယ်။ စဉ်းစားနိုင်တဲ့ ဉာဏ်ရှိရမယ်။ အဲဒီဉာဏ်တွေအလုပ်လုပ်မှ သဘောပေါက်တဲ့ဉာဏ်တွေလာမှာပါ။
အနည်းဆုံးတော့ ဗဟုသုတဉာဏ် ရှိကိုရှိရမယ်။ ဉာဏ်မရှိလို့ကတော့ မောဟနဲ့ အားထုတ်နေတာ ဖြစ်တဲ့အတွက် တရားအားထုတ်နေရင်းနဲ့ လောဘဖြစ်လိုက် ဒေါသဖြစ်လိုက် ဖြစ်လာပါလိမ့်မယ်။
ဗဟုသုတဉာဏ် စဉ်းစားဉာဏ်နဲ့တွဲပြီး အားထုတ်ရပါမယ်။ အဲဒါကို သတိသမ္ပဇညလို့ ပြောပါတယ်။ သတိသမ္ပဇညဉာဏ်ယှဉ်တယ်ဆိုတာက သတိတစ်လုံးတည်းထားနေရုံနဲ့ မလုံလောက်ပါဘူး။ သတိရှိနေတယ်၊ စဉ်းစားနေတယ်၊ သုံးသပ်နေတယ်၊ စုံစမ်းနေတယ်၊ စစ်ဆေးနေတယ်။အဲဒါဟာ ဉာဏ်တွေပါတယ်။ စိတ်ဝင်စားနေတယ်။ ဘာတွေ စိတ်ဝင်စားနေတာလဲ။ ရုပ်သဘော နာမ်သဘော ဖြစ်နေတာကိုမြင်ပြီးမှ စိတ်ဝင်စားလို့ရတယ်။
တရားအားထုတ်နေတယ်ဆိုတာ စိတ်အလုပ်ပါပဲနော်။ ဖြစ်အောင်လည်း မလုပ်ရဘူး၊ ပျက်အောင်လည်း မလုပ်ရဘူး။ ဖြစ်တိုင်းပျက်တိုင်းလည်း မမေ့ရဘူး။ မမေ့တာ သတိပါ။အားစိုက်တာပြောတာ မဟုတ်ဘူး။ ကောင်းတာတွေပြောဖို့ မမေ့ရဘူး။ ကောင်းတာတွေစဉ်းစားဖို့ မမေ့ရဘူး။ တစ်ခါတလေ စဉ်းစားဖို့ကို မေ့နေတယ်၊ မှန်မှန်ကန်ကန်စဉ်းစားဖို့ မမေ့ရဘူး၊ အရေးကြီးပါတယ်။ ဝီရိယနဲ့ အားစိုက်ထားတဲ့ သတိက စဉ်းစားတာတွေကို ပိတ်ပစ်လိုက်ပါတယ်။ ဒါကြောင့် စိုက်မရှုနဲ့လို့ ပြောတာပါ။
သတိက မမေ့တာပါ၊ သတိရှိနေတယ်၊ဖြစ်နေတာတွေကိုသိနေတယ်ဆိုရင် သတိရှိနေတာပါ။ အတွေးတွေ များနေတယ်၊ အတွေးတွေများနေမှန်း သိတာပဲ၊ သတိရှိနေပြီပဲ။ အတွေးထဲမှာ မျောမနေရင် ပြီးတာပဲ။ ယောဂီတစ်ယောက်က စိတ်တွေမငြိမ်ဘူးလို့ ဘာလို့ပြောနိူင်တာလဲ၊ သိလို့ပေါ့။ သိနေတယ်ဆိုကတည်းက သတိရှိလို့ပေါ့။
အရေးကြီးတာက အဲဒီမငြိမ်တဲ့အပေါ်မှာ အယူအဆမှန်ဖို့ လိုပါတယ်။ မငြိမ်တာက မကောင်းတာ မဟုတ်ပါဘူး။ မငြိမ်တာ မငြိမ်တာပဲ။ ပြဿနာ မဟုတ်ဘူး၊ သဘာဝပဲ။ မငြိမ်တာလည်း အသိခံရတာပဲ၊ သိစရာ အာရုံပဲ၊ မငြိမ်တာကိုမငြိမ်တာမှန်းသိနေရင် သမ္မာဒိဋ္ဌိဖြစ်နေတာပဲ။
အဲဒီလို သဘောထားမှန်သွားပြီဆိုရင် အဲဒီအာရုံအပေါ်မှာ အတွေ့အကြုံအပေါ်မှာ လောဘနဲ့ ဒေါသနဲ့ မတုန့်ပြန်တော့ဘူး။ ဒါက အရေးအကြီးဆုံးပဲ။ ဖြစ်နေတဲ့ အတွေ့အကြုံတွေက အများကြီးပါ။ ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ ဖြစ်နေတာက ဖြစ်နေတာပါပဲ။ ကောင်းတာလည်း မဟုတ်ဘူး၊ ဆိုးတာလည်း မဟုတ်ဘူး၊ ဓမ္မသဘာဝတွေပါပဲ။ သဘောတရားတွေပဲလို့ နှလုံးသွင်းလိုက်ရင် စိတ်ဘက်က ငြိမ်းသွားပါတယ်။
ရှုတဲ့စိတ်ဘက်က ငြိမ်းနေပြီဆိုမှ ဉာဏ်ဖြစ်မှာပါ။ ရှုတဲ့စိတ်ဘက်က ဖြစ်ချင်တာတွေ လိုချင်တာတွေ စိုးရိမ်တာတွေ ကြောက်နေတာတွေ တစ်ခုခုများ အောင်းနေတယ်ဆိုရင် ဉာဏ်မလာတော့ဘူး။ အဲဒီကိလေသာတွေက ရှုတဲ့စိတ်ဘက်မှာ ရှိတတ်တယ်။ ကိလေသာတွေက အားတွေ အများကြီး ထုတ်သုံးပါတယ်။လိုချင်ရင် စိုးရိမ်ရင် ကြောက်ရွံ့ရင် အားတွေအများကြီးစိုက်တယ်။ ဒါကြောင့် စူးစိုက်ရှုတာတွေကို လျှော့လိုက်ပါ။ ကိလေသာတွေ ပါနေတတ်လို့။
အဲဒီတော့ ယောဂီဘက်က ဘာလုပ်ရမှာလဲ။ အယူအဆမှန်မှန်နဲ့ သတိစွဲမြဲဖို့ ကြိုးစားပါ။ စောင့်ကြည့်နေရုံပါပဲ။ မြင်နေတယ် သိနေတယ်ဆိုရင် ပြီးပြီ၊ လုံလောက်တယ်။ ကြာကြာသိနေဖို့ အရေးကြီးတယ်။ ယောဂီကြိုးစားရမှာက အယူမှန်ဖို့ သတိစွဲမြဲဖို့ နှလုံးသွင်းမှန်ဖို့ ကြိုးစားရပါမယ်။ ဒါ ယောဂီ အားထုတ်ရမယ့် အပိုင်းပါ။
ဖြစ်တဲ့ဘက်ကတော့ ဘာမှ သွားကြိုးစားစရာ မလိုဘူး။ အာရုံဟာ ပွားစရာလည်း မလိုပါဘူး၊ သူ့ဟာသူ ဖြစ်နေတာပဲ။ ဖြစ်စရာတွေက ရှိရင် ဖြစ်မှာပဲ၊ လာချင်တာလာ ဖြစ်ချင်တာဖြစ်၊ ဖြစ်ချင်တာတွေ ဖြစ်နေတာတွေ “သူ့သဘာဝအတိုင်း ဖြစ်ပါစေ၊ ဝင်မရှုပ်တော့ဘူး၊ ဘေးထွက်ပြီးတော့ နောက်ဆုတ်လိုက်”။ စိတ်လျှော့တယ်ဆိုတာ နောက်ဆုတ်လိုက်တာပဲ။ အယူမှန်လိုက်ရင် စိတ်က လျှော့သွားတယ်။ အယူအဆမှန်ရင် ဉာဏ်ပဲ။
ဉာဏ်ရဲ့ သဘာဝက နောက်ဆုတ်ကြည့်တယ်၊ ဘေးထွက်ကြည့်တယ်။ ဝင်ပူး မကြည့်ဘူး၊ ကပ် မကြည့်ဘူး၊ စိုက် မကြည့်ဘူး။
ကိလေသာရဲ့ သဘာဝက အာရုံကို ကိုင်တယ်၊ ဆုပ်တယ်၊ ဆွဲတယ်။ အာရုံကို သေသေချာချာကိုင်ပြီး ဆုပ်ပြီးမှ ခံစားတာ ကိလေသာရဲ့ သဘာဝပါ။ဘာနဲ့ ခံစားလဲ … လောဘနဲ့ ခံစားမယ်၊ ဒေါသနဲ့ ခံစားမယ်။ ကိလေသာက အာရုံကို ဆွဲပါတယ်၊ လောဘကလည်း ဆွဲတာပဲ၊ ဒေါသကလည်း ဆွဲတာပဲ။ မကျေမနပ် ဖြစ်နေပြီဆို ခဏ ခဏ ပေါ်တာ၊ အဲဒီ သဘောပဲ။ အာရုံဆွဲထားတယ်၊ မလွှတ်ချင်ဘူး။
အဲဒီတော့ အသိဉာဏ်က ဘေးကနေကြည့်ပါတယ်။ အားမစိုက်ရဘူးဆိုရင် လူတွေက ငိုက်သွားပါတယ်။ ဘာလို့လဲဆိုတော့ အားစိုက်ပြီးအားထုတ်တာက အကျင့်ကပါလို့ပါ။ အကျင့်က ပါလာတော့ အားမစိုက်နဲ့လို့ပြောရင် ငိုက်သွားရော။ အဲဒီတော့ အဲဒီနေရာမှာဘာအစားထိုးတာလဲဆိုရင် စိတ်ဝင်စားတာ၊ ဉာဏ်အားကို သုံးပါတယ်။ သတိနဲ့ ဉာဏ်နဲ့တွဲပြီး အားထုတ်ပါတယ်။ ဉာဏ်က စဉ်းစားပါတယ်။ စဉ်းစားဉာဏ်တွေ စုံစမ်းဉာဏ်တွေ သုံးရတယ်၊ စစ်ဆေးရတယ်။ ဒါ ဘာဖြစ်တာလဲ၊ ဒါ ဘာ့ကြောင့် ဖြစ်တာလဲ၊ အဲဒီထဲမှာ ဘာတွေရှိလဲ၊ သိနေတာ သေချာလား။ နောက်ကစိတ်က စဉ်းစားပေးရတယ်။ ဒီ စဉ်းစားတဲ့စိတ်က သတိကို အားပေးပါတယ်။ နိုးကြားစေပါတယ်။
အလုပ်သမားကို အလုပ်ရှင်က အမြဲခိုင်းနေမှ အလုပ်သမားက လုပ်ပါတယ်။ အလုပ်ရှင် မရှိတော့ဘူးဆိုရင် အလုပ်သမားတွေက အချောင်ခိုတော့တာပဲ။ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိတော့ဘူး။ အဲဒီတော့ သတိထားတဲ့နေရာမှာ နောက်က ဉာဏ်လေးက ကြိမ်နဲ့ တို့တို့ ပေးနေရတယ်။ သတိရှိလား၊ သိနေတာ သေချာလား။ သိနေရင်းနဲ့ ဘယ်လောက်များများသိသလဲ၊ ဒီတစ်ခုပဲ သိသလား။ သိနေတာက ဘာလဲ၊ သိနေတာကကော ဘာလဲ။ ဖြစ်နေတာတွေက ဘာတွေဖြစ်နေလဲ၊ ဘယ်လို ဖြစ်နေလဲ၊ ဘာကြောင့် ဖြစ်နေလဲ။အဲဒီလို သိချင်စိတ်နဲ့ မေးပြီဆိုရင် စိတ်တွေ နိူးကြားလာပြီ။ အားစိုက်စရာ မလိုဘဲနဲ့ နိူးကြားလာပြီ၊ ဉာဏ်ဝင်လာပြီ။ သိစရာနဲ့ သိတာနဲ့၊ သိစရာနဲ့ သိတာနဲ့။ သိစရာနဲ့ သိတာနဲ့ စုံနေတာ ကိုယ်ဘာမှ မလုပ်ရပါဘူး၊ လုပ်စရာလည်း မလိုပါဘူး။ သူ့သဘာဝပါ။
စိတ်က သတိရှိရင်တော့ သိမှာပေါ့ •• ဒါတွေ သတိမရှိရင် မသိပါဘူး။ သတိရှိရင် သေချာသွားတယ် သိတာ။
တွယ်လည်း မတွယ်နဲ့၊ ပယ်လည်း မပယ်နဲ့၊ ဘယ်လိုနေမှာလဲ။ အာရုံတစ်ခုကို တွယ်လည်းမတွယ်ရဘူး၊ ပယ်လည်း မပယ်ရဘူး။ တွယ်တယ်ဆိုတာ စွဲတာ၊ လိုချင်တော့ ဖြစ်ချင်တော့ စွဲလန်းတာ။ ပယ်တယ်ဆိုတာက မကျေမနပ်နဲ့ ပျောက်စေချင်တာ။ လောကမှာ တွယ်လည်း မတွယ်ရဘူး၊ ပယ်လည်း မပယ်ရဘူး။ ဘယ်လိုနေမှာလဲ။ ဘယ်လိုလုပ်မှာလဲ။ ကြားထဲက မဇ္ဈိမပဋိပဒါ၊ “အစွန်းနှစ်သွယ်၊ လမ်းမှားပယ်၊ အလယ်လမ်းမှန်လျှောက်” ဆိုတာ အလယ်လမ်းကဘာလဲ၊ အသိဉာဏ်။ ဖြစ်နေတာကိုဘာလဲလို့နားလည်လိုက်ရင် သူက အလယ်ကထွက်သွားတာပဲ။ ဖြစ်နေတာက ဘာလဲလို့ သဘောပေါက်ထားရင် စွဲလည်း မစွဲတော့ဘူး။ ပယ်လည်း မပယ်တော့ဘူး။ စွဲနေတာတွေက မလိုပါဘူး၊ ပယ်နေရလည်း မလိုပါဘူး။ လိုတာက နားလည်ဖို့လိုတာပါ။ အသိဉာဏ်နဲ့ နားလည်လိုက်ရင် အစွန်းလမ်းနှစ်သွယ် ပိတ်သွားပါတယ်။
အစွန်းနှစ်ဖက်ဆိုတာ တစ်ခါတည်း ပယ်လို့ မရပါဘူး။ ဒီအစွန်းနှစ်ဖက် ရောက်နေတာကိုပဲ တဖြည်းဖြည်း သိရင်း သိရင်းနဲ့ နားလည်အောင်ကြိုးစားရင်းနဲ့ အစွန်းနှစ်ဖက်ကို အရင်နားလည်ရပါတယ်။ နားလည်မှပဲ သူ အလယ်လမ်းက ပေါ်လာပါလိမ့်မယ်။ပထမမှာ နားလည်အောင် လေ့လာရပါတယ်။ အာရုံတစ်ခုကို မြင်လိုက်တိုင်း ကြိုက်တယ် မကြိုက်ဘူး၊ ဘာဖြစ်တာလဲ။ စိတ်တွေ ဘာတွေလုပ်နေလဲ။ ဒီအာရုံပေါ် စိတ်တွေ ဘယ်လိုနှလုံးသွင်းနေလဲ။ ဘယ်လို စဉ်းစားနေတယ်။ အဲ •• စဉ်းစားတာက အရေးကြီးဆုံး ဖြစ်နေပါတယ်။ ဒီစဉ်းစားတာတွေသိရမယ့်ဟာကို မသိအောင်အားစိုက်ထားတော့ သိမ်မွေ့တဲ့စိတ်တွေအလုပ်လုပ်တာကို မမြင်တော့ပါဘူး။
ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော အယူအဆ အရေးအကြီးဆုံး။ အယူအဆမှားပြီဆိုရင် စဉ်းစားတာရော၊ ပြောတာရော၊ လုပ်တာရော အကုန်မှားပြီ၊ လွဲပါပြီ။ အယူအဆ မှန်သွားပြီဆိုရင် အားလုံးမှန်သွားပြီ။ အဲဒါကို သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ အဲဒီ အယူမှန်ဖို့ အရေးကြီးပါတယ်။ ဥပမာ •• နာတာကျတော့ မလိုချင်ဘူး၊ မနာတာကျတော့ လိုချင်တယ်။ ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့ လိုချင်တာ, မလိုချင်တာတွေ ဖြစ်နေလဲ •• ၊ ကောင်းတယ် ဆိုးတယ် သတ်မှတ်နေလို့။ ဘာလို့ ကောင်းတယ် ဆိုးတယ် သတ်မှတ်တာလဲ ••၊ အမှန်အတိုင်း မသိလို့။ အမှန်အတိုင်းမသိတဲ့အခါကျတော့ ကောင်းတယ် ထင်တယ်။ မောဟက ထင်တာ။ ဒါကြောင့် သတိထား ကြည့်ပါတယ်။ နာတယ် ကျင်တယ်၊ ညောင်းတယ် ထုံတယ်။ အဲဒီတော့ သူတို့က ဘာလဲ အာရုံတွေပါပဲ။ အာရုံကိုတကယ်နားလည်မယ်ဆိုရင် အာရုံဟာအာရုံပဲလို့နားလည်တဲ့ဉာဏ် စိတ်ဘက်မှာစွဲမြဲနေတယ်ဆိုရင် ကြိုက်သလောက်လောက်နာ၊ စိတ်က ဥပေက္ခာပဲဖြစ်မှာ။ ဥပေက္ခာက အလယ်အလတ်ပဲ။ အလယ်လမ်း လျှောက်တယ်ဆိုတာ ဒါကိုပြောတာ။နားလည်ပေးရုံပါပဲ။ သြော်•• ဒါက ဒါပဲဆိုတာ နားလည်တယ်။ ကြိုက်တာလည်း မလာဘူး၊ မကြိုက်တာလည်း မလာဘူး။ အာရုံဟာ အာရုံပါပဲ။ နာတာလည်း အာရုံပါပဲ၊ မနာတာလည်း အာရုံပါပဲ။ သိစရာပဲလို့ နားလည်တာ၊ နက်နက်နဲနဲနားလည်သွားပြီဆိုရင် ဒီအာရုံတွေ အပေါ်မှာ တုန့်ပြန်တာတွေ မလာတော့ဘူး။
အခုကြည့်ပေါ့၊ တစ်နေကုန် သတိထားကြည့်လေ။ မြင်သမျှ ကြားသမျှ နံသမျှ စားသမျှ ထိသမျှ သိသမျှ ကြိုက်လိုက် မကြိုက်လိုက်၊ ကြိုက်လိုက် မကြိုက်လိုက် ရိုးရိုးလေးပါ တရားအားထုတ်တာ။ ဒီအာရုံတွေပေါ်မှာ ဖြစ်နေတဲ့စိတ်တွေပေါ်မှာ ကြုံတိုင်းကြုံတိုင်း အာရုံတွေ တိုက်တိုင်းတိုက်တိုင်းမှာ ကိလေသာမပါဘဲနဲ့ ဉာဏ်လေးနဲ့ နားလည်ပေးရုံပဲ။ တရားအားထုတ်တယ်ဆိုတာ ဒါပါပဲ။
အာရုံလည်း သဘောတရားပဲ၊ သိတဲ့စိတ်လည်း သဘောတရားပဲ။ သတိထားတဲ့စိတ်လည်း သဘောတရားပဲ။ ခံစားတာလည်း သဘောတရားပဲ။ လူလည်း မဟုတ်၊ ပုဂ္ဂိုလ်လည်း မဟုတ်၊ သတ္တဝါလည်း မဟုတ်။ သဘာဝတရား သက်သက်ပါပဲ။ ဒီသဘောတရားတွေကို ငါ့ဟာလို့ မယူနဲ့၊ ငါလို့အယူမှားတယ်ဆိုရင် ကိုယ့်မှာဖြစ်တဲ့နာတာကျတော့ ဝေဒနာကျတော့ ငါ့ဝေဒနာ ငါနာတာ၊ သူများမှာ ဖြစ်တဲ့ဟာကျတော့ သူများဟာ ဖြစ်သွားပြီ။ သဘောတရားဟာ သဘောတရားပါပဲ။ သူ့ဟာ ငါ့ဟာ မရှိပါဘူး။ အတွေး ဘာတွေတွေးနေလဲလို့ သိရမယ်နော်။
စိတ်က အဓိပ္ပာယ်တွေဖော်နေတယ်။ စိတ်က အာရုံကိုသိတယ်၊ စိတ်က အာရုံကိုခံစားတယ်။ ဒါတွေ ဖြစ်နေမှန်းသိဖို့လိုပါတယ်။ နားလည်ချင်တဲ့လူက ပထမဖြစ်နေတာတွေကို သိစရာရှိတာတွေကို အရင်သိနေရမယ်။အချက်အလက်တွေ ပြည့်စုံရင် အသိဉာဏ်ပေါ်ပါတယ်။ အချက်အလက်တွေကို အရင်လိုက်စုရတယ်။
ပထမ ယောဂီလုပ်နေရတာက အချက်အလက်စုဆောင်းနေရတာ။ ဒီထဲ ရှိသမျှအားလုံးသိချင်ရမှာ။ သိအောင်လို့ လေ့လာနေတာ။ သိလာပြီ၊ မြင်ကွင်းပြည့်စုံလာပြီဆိုရင် ရုပ်လုံးပေါ်လာပြီ၊ ဘာလဲ၊ ဘယ်လိုဖြစ်နေလဲ။ အဲဒီတော့ ဖြစ်နေတဲ့ဘက်ကို ဘာမှသွားမလုပ်ပါနဲ့။ ဖြစ်နေတာက ကိုယ်နဲ့မဆိုင်ပါဘူး၊ ကိုယ်လုပ်ရမယ့်အလုပ်က ဖြစ်နေတဲ့အပေါ်မှာအယူအဆမှန်ဖို့ရယ်၊ သတိရှိဖို့ရယ်။ စိတ်တွေကို•• စိတ်တွေ ဖြစ်နေတာတွေကို သတိထားနေလို့ရှိရင် စိတ်က ငြိမ်းချမ်းနေလည်းသိတယ်။ စိတ်ရှုပ်နေလည်းသိတယ်။ စိတ်က ဘာဖြစ်လို့ငြိမ်နေတာလဲ။ စိတ်က ဘာဖြစ်လို့ဆင်းရဲနေတာလဲ၊ ဘာဖြစ်လို့ရှုပ်နေတာလဲ။
လူတွေက ခံစားမှုပဲသိတယ်။ ခံစားမှုက အတွေးနဲ့တွဲနေတာ။ တွေးနေတဲ့အတွေးကိုသတိထားမိရင် အတွေးနဲ့ခံစားမှုက ဆက်စပ်နေတယ်။စဉ်းစားကြည့်တော့ အတွေးတစ်ခုက အတွေးတစ်ခုပေါ်လာလို့ စိတ်က ဆင်းရဲသွားပြီဆိုရင် အဲဒီအတွေးကို ကောင်းတဲ့အတွေးလား၊ မှန်တဲ့အတွေးလား၊ ဆိုးတဲ့အတွေးလား နားလည်သင့်တာပေါ့။ အတွေးတစ်ခု ပေါ်လာလို့ စိတ်က ဆင်းရဲသွားတယ်ဆိုရင် တစ်ခါသိတယ်၊ နှစ်ခါသိတယ်၊ သုံးခါသိတယ်ဆို ဒီအတွေးကို မကောင်းဘူးလို့ ဆုံးဖြတ်နိူင်ပြီပေါ့။ မမှန်ဘူးလို့ ဆုံးဖြတ်နိူင်ပြီပေါ့။ ယုံဖို့ မလိုတော့ဘူးပေါ့။
အခု ယောဂီတွေက တွေးလာတဲ့အတွေးကိုလည်း မသိ၊ တွေးတဲ့အတွေးကိုယုံယုံပြီး ထပ်ပွား၊ ကိလေသာ အဲဒီမှာပွားတာတွေ။ သတိထားကြည့်ပေါ့၊ ခံစားမှုနဲ့ တွဲကြည့်။ ခံစားမှုက ဆင်းရဲတယ်ချမ်းသာတယ်ဆိုရင် ဒီအယူအဆမှန်လားမှားလား သိပါတယ်။ ကုသိုလ်အတွေးတွေ တွေးနေပြီဆိုရင် ကုသိုလ်စိတ်ဖြစ်ရမှာပေါ့။ ကုသိုလ်ဆိုတာ အပြစ်ကင်းတယ်၊ ချမ်းသာတဲ့ အကျိုးကို ပေးတယ်။
စိတ်ရဲ့အရည်အသွေးကို ခံစားမှုနဲ့အတွေးနဲ့တွဲပြီးရှုတဲ့အခါကျရင် အကြောင်းအကျိုးတွေ ပေါ်လာတယ်၊ အာရုံကိုသိတယ်၊ အာရုံကိုခံစားနေတာလည်း သိတယ်။ အာရုံကိုစဉ်းစားနေတာလည်း သိတယ်။အာရုံပေါ်မှာ ကိုယ့်အယူအဆဘာရှိသလဲဆိုတာလည်း သိရမယ်။ အဲဒါမှ မှားလားမှန်လား ဘယ်လိုစဉ်းစားသင့်လဲ။ အာရုံတွေကို ဘာလို့စဉ်းစားရမယ်ဆိုတာ အားထုတ်တာ နည်းပါတယ်။ ဘယ်လိုအားစိုက်ရမလဲဆိုတာပဲ အားထုတ်နေကြတယ်။
ဘယ်ဣရိယာပုထ်မှာပဲမဆို ထိုင်ထိုင်လျှောက်လျှောက်သွားသွားလှဲလှဲ•• စိတ်က အလုပ်လုပ်နေရင် တရားအားထုတ်နေတာပဲ။ ဣရိယာပုထ်နဲ့ မဆိုင်ပါဘူး၊ မြင်ကာမတ္တ၊ ကြားကာမတ္တ၊ သိကာမတ္တဆိုတာ အသိပဲ၊ ဘာအဓိပ္ပာယ်မှ မသိတာမဟုတ်ဘူး၊ သိလွန်းလို့ နားလည်လွန်းလို့၊ လောဘမဖြစ် ဒေါသမဖြစ်ဘဲနဲ့ ရပ်နေတာ၊ ကိလေသာတွေ ရပ်နေတာ။ အသိဉာဏ်ရှိလို့ ကိလေသာတွေ ရပ်နေတာကို မြင်ကာမတ္တလို့ ခေါ်တာ။ မြင်တဲ့အချိန်မှာ ဉာဏ်ရှိတယ်၊ ကြားတဲ့အချိန်မှာ ဉာဏ်ရှိတယ်။ အဲဒါကြောင့် စိတ်ကလောဘဒေါသမဖြစ်တာကို မြင်ကာမတ္တ ကြားကာမတ္တ။ မြင်တိုင်းကြားတိုင်း သတိနဲ့ နေကြည့်ပေါ့။ မြင်တိုင်းကြားတိုင်း သတိဉာဏ်ဖြစ်နိူင်တယ်။ မြင်တာကြည့်တာတွေပါ တွဲပြီးလုပ်ပါလို့ ပြောတာ။ ဒီသဘောတရားကို အပြည့်စုံဆုံးနားလည်သွားရင် မြင်တဲ့အခိုက်မှာလည်း တရားရနိုင်ပါတယ်။ ကြားတဲ့အခိုက်မှာလည်း နားလည်နိုင်ပါတယ်။ အဲဒီနားလည်တာ ဉာဏ်ပဲ။ အင်အားပဲကွာသွားတာပါ။ ဝိပဿနာဉာဏ်ကနေ မဂ်ဉာဏ်ဖြစ်တာ ဒီခဏလေးပါပဲ။
မြင်ကာမတ္တ ကြားကာမတ္တဆိုတဲ့ သဘောတရားကို အပြည့်စုံဆုံး နားလည်ဖို့၊ နားလည်တဲ့ ဉာဏ်အားပေါ်မှာ မူတည်တာပါ။ပထမ နည်းနည်း နားလည်၊ နောက် တဖြည်းဖြည်းနားလည်၊ ပိုပိုနားလည်လာ၊ နားလည်တဲ့အားတွေ ကွာကွာလာ။ ဒါကြောင့် အမြဲတမ်း အားထုတ်ခိုင်းတာပါ။ မြင်သမျှ ကြုံသမျှ တွေ့သမျှ အာရုံတွေအပေါ်မှာ စိတ်တွေက အသိဉာဏ်တွေ တိုးတိုးလာရပါတယ်။ ကျွမ်းကျင်တဲ့ပညာရှင်တွေက သူလုပ်တဲ့ အလုပ်ကို အမြဲတမ်း လုပ်နေတာပဲ။ အဲဒါကြောင့် အသိတွေက တိုးတိုးလာလို့ ကျွမ်းကျင်တဲ့ပညာရှင်အဆင့် ရောက်သွားတာပါ။ သူများမသိတာတွေကို သူကပိုသိလာလို့ ဒီရုပ်နာမ်ရှုနေရတာကို ဟိုးအရင်ကတည်းကလည်း ဒီရုပ်နာမ်ရှုနေရတာ၊ ခုထက်ထိ ဒီရုပ်နာမ်ကိုရှုနေရတာ။ ဒီရုပ်နာမ်အကြောင်း ဘယ်လောက် နားလည်လာပြီလဲ။ နားလည်လာရင် ဖြစ်နေတဲ့အပေါ်မှာ စိတ်က ဘယ်တုန့်ပြန်တော့မလဲ။
အာရုံတွေကိုတော့ ပယ်လို့မရပါဘူး။ အာရုံတွေ အမြဲတမ်းကြုံနေတာပဲ။ ဒွါရခြောက်ပေါက်က အာရုံခြောက်ပါးကတော့ အမြဲတမ်းဖြစ်နေမှာပဲ။ ဒါပေမယ့် စိတ်ဘက်မှာတော့ ပြောင်းပြောင်း ပြောင်းပြောင်း သွားပါတယ်။ အသိဉာဏ်တွေ ရင့်ကျက်လာပါတယ်။ စိတ်ဘက်က အသိတွေ တိုးတိုးလာပါတယ်။ အာရုံကတော့ ဒါတွေပါပဲ။ ရှုစရာကတော့ ရုပ်သဘောတရား နာမ်သဘောတရား ဒါတွေပါပဲ။ ရှုတဲ့ဘက်ကသာ အသိဉာဏ်တွေတိုးသွားဖို့ လိုတာပါ။ သဘောပေါက်လာလေ သဘောပေါက်လာလေ နည်းနည်းသိ နည်းနည်းသိကနေ အများသိ၊ ကြာရင် သတိထားလာရင် ဉာဏ်က လိုက်လာပါပြီ၊ တွဲလာပါပြီ။ အရင်တုန်းက သတိထားတယ်၊ ဉာဏ်က မလိုက်ဘူး၊ အားထုတ်ရင်း အားထုတ်ရင်းနဲ့၊ လေ့လာရင်း လေ့လာရင်းနဲ့ သတိဝင်လာတာနဲ့အမျှ ဉာဏ်က အားအပြည့်ပါလာပါတယ်။ ဉာဏ်အားကောင်းတဲ့ လူကျတော့ တစ်ချက်ဟောလိုက်တာနဲ့ ကြားကာမတ္တ မြင်ကာမတ္တနေလို့ ပြောလိုက်တာနဲ့ပဲ တရားရတယ်။
ကိုယ့်စိတ်က လက်နှီးစုတ်လား ပုဝါဖြူလား၊ တရားအားထုတ်ရင်းနဲ့ စိတ်တွေ စင်စင်ကြယ်ကြယ်ဖြူစင်လာရမယ်။ လက်နှီးစုတ်ကျတော့ ဘယ်လောက်ကိုင်ကိုင် ဘာမှမထူးတော့ပါဘူး။ ကိလေသာတွေ ဘယ်လောက်ဖြစ်ဖြစ် ဒီစိတ်က မသိသာတော့ပါဘူး။ စင်ကြယ်လာတဲ့ စိတ်မျိုးကျတော့ ကိလေသာတွေ နည်းနည်းလေးဖြစ်လာရင် ဆင်းရဲတာပဲ။ ပူလိုက်တာ လောင်လိုက်တာ၊ မခံနိူင်ဘူး၊ နည်းနည်းလေးဖြစ်ရင် မခံနိုင်ဘူး၊ စိတ်က စင်ကြယ်နေတယ်။
အစပထမမှာတော့ ဒီကိလေသာတွေကိုပဲ အာရုံအဖြစ်ရှုရမှာပေါ့။ ဒီကိလေသာအကြောင်း နားလည်သွားလို့ ဒီကိလေသာစင်ကြယ်သွားတာ။ အဲဒီလို နားမလည်မချင်း ဖြစ်ခွင့်ရနေတာပဲ၊ ဒီကိလေသာ သဘာဝ။ သဘောသဘာဝဖြစ်စဉ်တွေကို အကြောင်းအကျိုးတွေကို နားလည်လာပြီဆိုရင် ကိလေသာတွေဖြစ်ခွင့်မရတော့ပါဘူး၊ ဖြစ်ခွင့်မပေးတဲ့အနေနဲ့ ပယ်ရမှာပါ။ မရှုမှတ်ရင်ဖြစ်မယ့် သေချာပေါက်ဖြစ်မယ့်ကိလေသာတွေ ရှုမှတ်လိုက်တာနဲ့ ဖြစ်ခွင့်မပေးတော့ဘူး။
ရှုမှတ်တယ်ဆိုတာ ဉာဏ်နဲ့နေတာကို ပြောတာ၊ ဉာဏ်ဖြစ်နေတာကို ပြောတာပါ။ သတိဉာဏ် ဖြစ်နေတဲ့အချိန်မှာ ကိလေသာဖြစ်ခွင့် မရပါဘူး၊ ဖြစ်ခွင့်မပေးတဲ့အနေနဲ့ ပယ်တာပါ။ စူးစိုက်ထားပြီးတော့ ဘာမှမစဉ်းစားနိူင်လို့ပယ်တာက တစ်မျိုးပါ၊ ဖိထားတာပဲရှိတယ်။အခုက နားလည်လို့ ဖြစ်ခွင့်မပေးတာပါ။ ကိလေသာကိုပယ်တဲ့နေရာမှာ နှစ်မျိုးရှိပါတယ်။ စူးစိုက်ထားလို့ သမာဓိနဲ့ဖိထားတာကတစ်မျိုး၊ အမှန်အတိုင်းနားလည်တဲ့ဉာဏ်ရှိနေတဲ့အတွက် ဖြစ်ခွင့်မရလို့ မဖြစ်တာကတစ်မျိုး။ မဖြစ်ချုပ်ချုပ်နေတာပါ။
“နိုးကြားမှုနဲ့ယှဉ်သဖြင့် အသင့်နေရမည်၊ စားသောက်တိုင်းမှာ အတိုင်းအဆမှန်စွာသိရမည်၊ ဣန္ဒြေငါးပါးအစောင့်ထား တံခါးလုံရမည်” တဲ့။ ရွှေဥမင်ဆရာတော်ဘုရားကြီး ခဏခဏ ဆုံးမတယ်။ နိုးကြားမှုနဲ့ယှဉ်သဖြင့်အသင့်နေရမည်ဆိုတာ ဉာဏ်ရှိနေရင် သတိဉာဏ်နဲ့နိုးကြားနေတာကို ပြောတာ။ နိုးကြားတယ်ဆိုတာ သိလာတာကို ပြောတာပါ။အိပ်ပျော်နေတဲ့အချိန်ကျရင် မသိဘူး…အာရုံတွေကို။ နိုးလာတယ်ဆိုတာက အာရုံကိုသိလာတာ၊ သိလာတာကို နိုးတယ်လို့ ခေါ်တယ်။ အာရုံတွေကိုသိတာက တစ်မျိုး၊ အာရုံကိုနားလည်တာက တစ်မျိုး။ နိုးကြားမှုချင်းက မတူဘူး။ ကြုံတဲ့အာရုံတွေ၊လာသမျှအာရုံတွေကို သိနေရမယ်၊ နားလည်နေရမယ်။ ဒါကို နိုးကြားနေတယ် ခေါ်ပါတယ်။ ဖြစ်ဖြစ်ချင်း သိတယ်၊ ဟိုဟာလည်း သိတယ်၊ ဒါလည်း သိတယ်၊ များများသိတယ်၊ မြန်မြန်သိတယ်၊ အဲဒါကို နိုးနိုးကြားကြားရှိတယ်ခေါ်တာ။ စုံအောင် သိတယ်၊ တစ်ခုတည်း စိုက်မသိဘူး။
ဆရာတော်အရှင်တေဇနိယ(ရွှေဥမင်)
https://bit.ly/3rZhj8j မှ ကူးယူဖော်ပြပါသည်။
Myo Aung Tun
သာဓုသာဓုသာဓုပါ ၊ဘုရား။
Thiha Soe
သာဓု သာဓု သာဓုပါဘုရား
🙏🙏🙏